Local News

ရာသီပေါ်ပဲမှိုများ ဈေးကောင်း

Last Updated:

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် နိုင်ငံအနှံ့အပြားတွင် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသူများ များပြားလှပါသည်။ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံများအား စိုက်ပျိုးကြရာ နွေရာသီတွင် စိုက်ပျိုးထားသော ပဲများ ရိတ်သိမ်းသောကာလဖြစ်ပါသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်သူတောင်သူဦးကြီးများအနေဖြင့် နွေရာသီတွင် နွေစပါးစိုက်ပျိုးသူများရှိသလို မတ်ပဲစိုက်ပျိုးသူများလည်း ရှိပါသည်။ မတ်ပဲအား နွေရာသီတွင် ရိတ်သိမ်းချွေလှေ့၍ ၎င်းမှထွက်ရှိလာသော ပဲအခွံများအားပုံထားရာမှ ယခုလိုမိုးရာသီတွင် မိုးရွာချပါက ယင်းပဲခွံအပုံထဲမှ ပဲမှိုများထွက်ရှိလာပါသည်။
ကျေးလက်ဒေသနေပြည်သူများအနေဖြင့် ယင်းပဲမှိုများအား လိုက်လံရှာဖွေပြီး နီးစပ်ရာ ဈေးများ၌ လာရောက်ရောင်းချကြပါသည်။ ပဲမှိုမှာ ယခုလို ရာသီမှ စားသုံးနိုင်သော ရာသီစာဖြစ်သဖြင့် ဈေးကောင်းရရှိပါသည်။ ပဲမှိုအား ကန်စွမ်းရွက်နှင့်ရောကြော်ပြီးစားသုံးပါက ခံတွင်းမြိန်စေသော ဟင်းတစ်ခွက်ဖြစ်ပါသည်။
ပဲမှိုဈေးနှုန်းအနေဖြင့် တစ်ဆယ်ကျပ်သားလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် ဈေးကောင်းရလျက်ရှိ ပါသည်။ ယခုလိုရာသီမှ စားသုံးနိုင်သောရာသီစာဖြစ်သဖြင့် ဈေးနှုန်းကြီးမြင့်သော်လည်း ရောင်းအားကောင်းလျက်ရှိကြောင်း တောင်ငူမြို့၊ ဘုရင့်နောင်ဈေးတွင်လာရောက်ရောင်းချသော ပဲမှိုရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

DOCA (ပဲခူး)
source: https://www.doca.gov.mm

Category: Local News